ဒေါက်တာဓမ္မပိယ (ITBMU)၊ ဇူလိုင် ၂၁၊ ၂၀၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းတပ်ဦး
မိုးကုတ်ရိပ်သာ၌ကျင်းပခဲ့သော အင်းစိန် သံဃာ့အစည်း အဝေးကြီး (ဇွန်လ
၂၇-ရက်နေ့က) ငြိမ်းချမ်းစွာ ပြီးစီးခဲ့တယ်။ ထိုအစည်းအဝေးကြီးကို
သံဃာတော်များက ဘာရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြသနည်း။ ဘယ်အတွက်
ကျင်းပခဲ့ကြသနည်း။
ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေ ဘာတွေဖြစ်နေသနည်းဆိုတဲ့အမေးကို
လေ့လာသုံးသပ်ကြည့်လျှင် ဘာသာရေးဆန်တဲ့ လူမျိုးရေးအဓိကရုံးတွေ၊ လူမျိုးစု
ပြဿနာတွေ၊ တိုင်းရင်းသားအမည်ခံချင်တဲ့ တိုင်းရင်း သားမဟုတ်သူတို့ရဲ့
လူ့အခွင့်ရေး တောင်းဆိုမှုပြဿနာတွေ၊ လယ်ယာမြေ ပြဿနာတွေ၊ ဒီပြဿနာ တွေနှင့်
ရှုပ်ထွေးနေတာကို တွေ့ရတယ်။ ̏မုန်းတိုင်းကထန်ထန် တိုင်းပြည်ကနုနု˝မို့
ဆိုတာမျိုးလိုပဲ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲကာလမှာ ဒီလိုပြဿနာတွေ
မကြာခဏဆိုသလို ဖြစ်နေတော့ ဆင်းရဲနွမ်းပါးမှုတွေနှင့် အလူးအလဲ
ခံနေရသူတွေကတော့ ပြည်သူလူထုတွေပါ
ဒီအရေးတွေကို သတိပြုမိတော်မူကြတဲ့ သံဃာတော်များဟာ
တိုင်းပြည်ရဲ့အရေးတွေမှာ မပါဝင်လို သော်လည်း အမျိုး ဘာသာ သာသနာတော်အတွက်
ပါဝင်ပတ်သက်နေရခြင်းပါ။ ဥပမာ၊ ရွှေဝါရောင်အရေးခင်း၊
လက်ပန်းတန်းတောင်အရေးအခင်း၊ ရခိုင်အရေးအခင်း၊ မိတ္တိလာအရေးအခင်း စတဲ့
ဒီလိုအရေအခင်းမျိုးတွေပါ။ သို့သော် ရခိုင်အရေးအခင်း၊
မိတ္ထိလာအရေးအခင်းတို့မှာ ငွေးကြေးအထောက်အပံ့များ၊ လုံခြုံရေးအထောက်
အပံ့များအပြင် စိတ်ဓာတ်ခွန်အား ထောက်ပံခြင်းမျိုးတွေပါ
ပံ့ပိုးပေးနေရကြောင်း လေ့လာသိရှိရခြင်းပါ။ အဲဒီလို ပြည်သူ့ပြဿနာ၊
လူထုပြဿနာတွေ အမျိုးအမျိုးအတွက် ပါဝင်ပတ်သက်လာရာမှ အနာဂတ်မြန်မာနိုင်ငံတော်
အတွက် စိုးရိမ်စိတ်များကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းတရားတွေ
မြောက်များစွာ ရှိနေခြင်းကို သံဃာတော်များ လေးလေးနက်နက် သတိပြုလာမိခြင်းပါ။
သံဃာတော်များဘက်မှ လူထုဘ၀နှင့် လူမှုပြဿနာအထွေထွေကို
ဝိုင်းဝန်းဖြေရှင်းရာမှာ အင်းစိန် သံဃာ့ အစည်းအဝေးကြီးဟာ တစ်ခုအပါအ၀င်ပါ။
ထိုအစည်းအဝေကြီးရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမျိုး ဘာသာ သာသနာကို
ဓမ္မ၀ိနယနှင့်အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ပါ။ ထိုသို့ အမျိုး
ဘာသာ သာသနာကို စောင့်ရှောက်ရာမှာ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများနှင့်
ဗုဒ္ဓဘာသာဝင်တိုင်းရင်းသူများ ရသင့် ရထိုက်သော လူ့အခွင့်ရေးများကို
ပြည့်ပြည့်၀၀ ရရှိနိုင်ရေးတို့အတွက် သံဃာတော်များက ဦးဆောင်၍
ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်တယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်ဦးရေးဟာ (ဂ၅) ရာခိုင်းနှုန်းခန့်
ရှိတယ်လို့ သိထားရခြင်းပါ။ ကံကောင်း ထောက်မစွာဖြင့် အခြားဘာသာဝင်များ
(ဟိန္ဒူ၊ ခရစ္စယန်၊ မူစလင်ဘာသာဝင်များ) ရဲ့ အမျိုးသမီးများ၊
ထိုဘာသာဝင်တိုင်းရင်းသူများအတွက် လက်ထပ်ခြင်းဆိုင်ရာဥပဒေကို ကောင်းမွန်စွာ
ရေးဆွဲထားပြီးဖြစ်ပြီး၊ ထိုဥပဒေသည် ထိုဘာသာဝင်တို့အတွက် လုံခြုံမှုများကို
ပေးထားနိုင်ခဲ့ခြင်းကို အံ့သြစွာ လေ့လာသိရှိရခြင်းပါ။ ၁၉၅၄-ခုနှစ်
ထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ ဟိန္ဒူ၊ ခရစ္စယန်၊
မူစလင်ဘာသာဝင်များသည် ဘာသာဝင်အချင်းချင်းသာ လက်ထပ်နိုင်ကြောင်း ဥပဒေပြု၍
ထိုဘာသာဝင်အမျိုးသမီးများအား ကာကွယ် ပေးထားခြင်းဥပဒေများ ရှိနေခြင်းပါ။
သို့သော် အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများနှင့်
ဗုဒ္ဓဘာသာဝင်တိုင်းရင်းသူများအတွက် လက်ထက်ခြင်းဥပဒေကို အခြားဘာသာဝင်များ၏
ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကဲ့သို လုံခြုံမှုမပေးနိုင်ဘဲ အိမ်ထောင်ရေး
အရှုပ်ထွေးများဖြစ်ပေါ်လာခဲ့သော် အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ကြရပြီး
အမျိုးသမီးတစ်ယောက် ရသင့်ရထိုက်သော လူ့အခွင့်ရေးများ
ဆုံးရှုံးနစ်နာခဲ့ကြရသည်မှာ ဥပဒေမခိုင်မာသောကြောင့်ဟု ဆိုရမှာပါ။
ဥပမာ၊ ၁၉၅၄-ခုနှစ် ထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ
အခြားဘာသာဝင်များ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေမှာ အခြားဘာသာဝင်များအတွက်
ဘာသာဝင်အချင်းချင်းသာ ထိမ်းမြားလက်ထပ် ခွင့် ဥပဒေကို
ပြဋ္ဌာန်းပေးထားနိုင်ခဲ့ခြင်းပါ။ သို့သော် အများစုဖြစ်တဲ့
ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများနှင့်
ဗုဒ္ဓဘာသာဝင်တိုင်းရင်းသူအမျိုးသမီးများအတွက် ဘ၀လုံခြုံမှုကို ပေးနိုင်တဲ့
ဥပဒေမျိုးကို ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိခဲ့သည်မှာ
ဝမ်းနည်းဖွယ်ရာဖြစ်ခဲ့ရခြင်းပါ။ စဉ်းစားမိသည်မှာ – ထိုအချိန်က
ဥပဒေရေးဆွဲရေး ကော်မရှင်၌မြန်မာဥပဒေ ပညာရှင်များ မပါခဲ့၍လော၊ သို့မဟုတ်
အခြားဘာသာဝင်အမျိုးသမီးများအတွက်မူ လုံခြုံသော ဥပဒေကို ပြဋ္ဌာန်းပေးနိုင်သော
ဥပဒေရှင်များချည်း ပါဝင်နေ၍လော စဉ်းစားစရာအချက်တွေက ထောင်သောင်း မက
ရှိနေခြင်းပါ။ အခြားဘာသာဝင်များအတွက် ဥပဒေပြုသူတို့၏ အမြော်အမြင်ကြီးမှုကို
အသိအမှတ်ပြုပါ၏။
အင်းစိန်သံဃာ့ညီလာခံကြီးကျင်းပသောအခါ သံဃာတော်များက တင်ပြရန်
ရေးဆွဲထားသော အတည် မပြုရသေးသော ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့်
တိုင်းရင်းသူဗုဒ္ဓဘာသာဝင်များအတွက် လက်ထပ် ထိမ်မြား ခြင်းဆိုင်ရာ
ဥပဒေမူကြမ်းကို သံဃာ့ညီလာခံမကျင်းပမီ (၂)ပတ်ခန့် ကြိုတင်၍ ဖေ့စ်ဘုတ်ခ်
စာမျက်နှာပေါ်တွင် တရားမ၀င် သတင်းထုတ်ပြန်ခဲ့မှုကြောင့်
ထိုမျိုးစောင့်ဥပဒေအစ်ရှုးသည် ရက်အနည်းငယ် အတွင်း ကမ္ဘာ အရပ်ရပ်သို့
ပြန့်နှံ့သွားခဲ့ခြင်းပါ။ ထင်မြင်ချက်အမျိုးမျိုးနှင့် ပြောကြ၊ ရေးကြ၊
ဝေဖန်ကြနှင့် ဖေ့စ်ဘုတ်ခ် စာမျက်နှာပေါ်မှာ ဒီအစ်ရှူးဟာ
ကျယ်ကျယ်ပြန့်ပြန့်ကြီး ဖြစ်သွားခဲ့ခြင်းပါ။
သို့သော် ထိုဥပဒေမူကြမ်းသည် သံဃာတော်များအတည်မပြုရသေးသော
မူကြမ်းဖြစ်နေသည်ကို ကမ္ဘာ့လူထုက သိရှိထားဟန်မတူပါ။ ထိုကြာင့် အသဲသဲအသန်သန်
ထိုးစစ်တွေကို ဆင်လာခြင်းပါ။ ဘာပဲဖြစ်ဖြစ်
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံအတွက် လွတ်လပ်စွာ ပြောဆိုခွင့်ကို
လက်ခံကြိုဆိုရမှာပါ။ သို့သော် ဒီမိုကရေစီ စနစ်ကျင့်သုံးတာက အခါလည်ကျော်
လသားအရွယ်မျှသာရှိသေး၍ ပြောသူ၊ ရေးသူ၊ ဝေဖန်သူများ၌မီဒီယာ အက်သစ်ခ်
အားနည်းနေသေးသည်ကို တွေ့မြင်နေရခြင်းပါ။
ဇွန်လ(၂၇)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့တဲ့
သံဃာ့အစည်းအဝေးကြီးအပြီးမှာ ကြေညာချက်စာတမ်း ထွက်ပေါ်လာခဲ့တယ်။
ထိုကြေညာချက်စာတမ်းမှာ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်များကို ထင်ထင်ရှားရှား
ပြတ်ပြတ်သားသား ထုတ်ဖေါ်ပြောဆိုနိုင်ခဲ့၍ ဆူညံနေသော အသံများဟာ လုံးဝနီးပါး
ငြိမ်သက်သွားခဲ့တယ်။
ထိုသံဃအစည်းအဝေးကြီး၌အမျိုး ဘာသာ သာသနာ
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သော ကြေညာချက် စာတမ်းမှာ
အောက်ပါအတိုင်းဖြစ်သည်။
ကြေညာချက်
၁။ ။ဤအစည်းအဝေးကြီးသည် နိုင်ငံတော်အစိုးရနှင့်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တို့အား အမျိုး ဘာသာ
သာသနာရေးကိစ္စများနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ရန် တိုက်တွန်းသည်။
၂။ ။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြကုန်သော
နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပဋိပက္ခများ
ထပ်မံမဖြစ်ပေါ်စေရန် ၀ိုင်းဝန်းကူညီ ဆောင်ရွက်မည်။
၃။ ။အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းရန်
ဤအစည်း အဝေးကြီးမှ ထောက်ခံအတည်ပြုသည်။
၎။ ။မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက်
တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဤအစည်း အဝေးကြီးသို့
တက်ရောက်တော်မူလာကြကုန်သော သံဃာ့ကိုယ်စားလှယ် ၁၅၃၀-ကျော်တို့က တညီတညွတ်တည်း
ထောက်ခံအတည်ပြုသည်။
၅။ ။မြန်မာနိုင်ငံမှ သံဃာတော်အရှင်မြတ်တစ်ပါးဖြစ်သော
အရှင်ဝိစိတ္တာဘိဝံသ (၀ီရသူ) ၏ ပုံနှင့် ̏THE FACE OF BUDDIST TERROR˝ –
ဗုဒ္ဓဘာသာ အကြမ်းဖက်မှု မျက်နှာစာ (သို့မဟုတ်) ဗုဒ္ဓဘာသာအကြမ်းဖက်မှု ပုံသဏ္ဍာန်
ဟု ဖော်ပြခဲ့သည့် ၂၀၁၃-ခုနှစ်၊ ဇူလှိုင်လ (၁) ရက်နေ့ ရက်စွဲဖြင့်
ထုတ်ဝေခဲ့သော တိုင်းမ်မဂ္ဂဇင်း (Time Magazine) Vo-182, No, 1 ကို အပြင်းထန်
ကန့်ကွက်သည်။
အထက်၌ ဖေါ်ပြထားသော အချက်အလက်များသည်
သံဃာ့အစည်းအဝေးကြီးအပြီးမှာ ပေါ်ထွက် လာခဲ့ခြင်းဖြစ်တယ်။
ထိုအစည်းအဝေးကြီးမှာပင် သံဃာတော်များက ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများ
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေမူကြမ်း၌(အချို့အချက်အလက်များသည်
သဘောထားကွဲလွဲနိုင်ဖွယ်ရှိ၍) လွတ်တော်သို့ တင်သွင်းရန် ပြင်ဆင်ထားသော
ဥပဒေမူကြမ်း၌အချက်အလက်တို့ကို အနည်းငယ်ပြင်ဆင်၍ ကြေညာချက်ထုတ်ပြန်ခဲ့တယ်။
မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ
ဥပဒေ (မူကြမ်း)
(၁) ဤဥပဒေကို ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ
(အရေးပေါ်)ဥပဒေ ဟု ခေါ်တွင်စေ ရမည်။
(၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည်
ဗုဒ္ဓဘာသာဝင်အမျိုးသမီးအား လွတ်လတ်စွာ ကိုးကွယ်ခွင့်ပြုသူဖြစ်ရမည်။
(၃) လက်ထပ်မည့်ဗုဒ္ဓဘာသာဝင်အမျိုးသမီး၏ မိဘ (သို့) အုပ်ထိန်းသူ၏စာဖြင့်
တရားဝင်ခွင့်ပြုချက်ကို လက်ခံရယူရမည်။
(၄) အထက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို
သက်ဆိုင်ရာ ကျေးရွာ (သို့) ရပ် ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင်
လက်မှတ်ရေးထိုး လက်ထပ်ရမည်။
(၅) အထက်ပါ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း မလိုက်နာဘဲ
မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးကို (တိုင်းရင်းသူ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများပါ
ပါဝင်သည်) လက်ထပ်ပေါင်းသင်းခြင်းပြုလုပ်ပါက ထိုသို့ကျူးလွန်သူအပေါ်
ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင်
သက်ဆိုင်ရာပုဒ်မတို့နှင့်သာ သီးခြားအရေးယူအပြစ်ပေးရမည်။
အမှန်တကယ်မှာမူ သံဃာတော်များသည် ဥပဒေကို
ရေးဆွဲနိုင်သူများမဟုတ်ဘဲ ဥပဒေမူကြမ်းကို ဥပဒေပညာရှင်များနှင့်
ဆွေးနွေးတိုင်ပင်ပြီး၊ ပြည်ထောင်စုဝန်ကြီး တစ်ယောက်ယောက်ဖြင့် သို့မဟုတ်
အရေးပါအရာရောက်သော ပြည်ထောင်စုဝန်ကြီးများမှတဆင့် လွှတ်တော်သို့
တင်သွားနိုင်ရန် ကြိုးစား အားထုတ်သူများသာ ဖြစ်ကြတယ်။ ဥပဒေကြောင်းဆိုင်ရာ
အကျယ်မူကြမ်းကိုမူ ဥပဒေပညာရှင်များနှင့် ပြည်ထောင်စုလွတ်တော်အမတ်များက
ဆက်လက်၍ ဆွေးနွေးပြီး ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ အတွက်
အကျိုးရှိလျှင် အတည်ပြုထောက်ခံပြီး ခိုင်မာသောဥပဒေကို
ရေးဆွဲပြဋ္ဌာန်းပေးရန်ဖြစ်တယ်။ အကျိုးမရှိလျှင် ကန့်ကွက်
ပယ်ဖျက်ကြရန်ပင်ဖြစ်တယ်။ နောက်ဆုံးအဖြေက ဒါပါပဲ။
အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးနှင့်
ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများ၊ ဗုဒ္ဓဘာသာဝင်
တိုင်းရင်းသူအမျိုးသမီးများအတွက် မျိုးစောင့်ဥပဒေကို သံဃာတော်များက
ပါဝါသုံး၍ အတည်ပြု ပေးခြင်းမျိုးလည်း မဟုတ်ပါ။ အာဏာရှိသူများကဲ့သို့
ဥပဒေကို ပြဋ္ဌာန်းပေးနိုင်ခြင်းလည်းမရှိပါ။ လွတ်တော်သို့ ဦးစီးဦးဆောင်ပြု၍
တင်သွင်းသူများသာဖြစ်ကြောင်း ပြည်သူများ သိရှိနားလည်းနိုင်ကြဖို့ပါ။
မျိုးစောင့်ဥပဒေနှင့် စပ်လျဉ်း၍ အမြင်အမျိုးမျိုးတွေ၊
အထင်အမျိုးမျိုးတွေ ရှိခဲ့ခြင်းပါ။ သို့သော် တိုင်းပြည်ငြိမ်းချမ်းရေးအတွက်
သည်းခံခြင်းတရားနှင့် ခွင့်လွှတ်ခြင်းတရား ဤတရားနှစ်ပါးကို လက်ကိုင်ထား၍
တိုင်းပြည်အတွက် အလုပ်လုပ်နိုင်ပါမှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း
သီတဂူဆရာတော်ဘုရားကြီးက သံဃာ့ အစည်းအဝေး၌အထူးမိန့်မှာသွားတော်မူခဲ့ခြင်းကို
အမှတ်ရနေမိခြင်းပါ။ ထိုအဆုံးအမကို သံဃာတော်များနှင့် ပြည်သူ၊
ပြည်သားများသည်လည်း အမြဲတစေ အမှတ်ရစေနေနိုင်ကြဖို့ပါ။
ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။See more at:
http://moemaka.com/archives/36658#sthash.3cXe6Jot.dpuf
No comments:
Post a Comment