ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ (၁၉-၁၀-၂၀၁၃)ရက်နေ့က ဘုန်းဘုန်းတို့
ကိုရီးယားရောက် ထေရဝါဒ မြန်မာရဟန်းတော်များ စုပေါင်းပြီး သံဃာ့ပဝါရဏပွဲကို
ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ တစ်နိုင်ငံတည်းမှာ
ရှိနေပမယ့် မတူညီတဲ့ အရပ်ဒေသတွေမှာ ဖြစ်နေကြတဲ့အတွက် ရဟန်းတော်
အချင်းချင်းလည်း မတွေ့ဆုံဖြစ်ခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်နှစ်မှာအနည်းဆုံး
တစ်ခါလောက်တော့ ပဝါရဏာပွဲမှာ မဖြစ်မနေ တွေ့ဆုံပြီး ဘာသာရေး၊ သာသနာရေး၊
လူမှုရေးတွေ အတွက်လည်း ညှိနှိုင်းအဖြေရှာကြဖို့ ကတိကဝတ်ပြု ဖြစ်ခဲ့ကြပါတယ်။
ဒါကြောင့် ဒီနှစ်သီတင်းကျွတ် လပြည့်နေမှာလည်း မအားတဲ့ကြားက ပဝါရဏပွဲကို
သံဃာအများ တက်ရောက်ပြီး ပဝါရဏ ပြုဖြစ်ခဲ့ကြပါတယ်။ ပဝါရဏပြုပြီးတော့
ဘုန်းဘုန်းတို့ထေရဝါဒ ရဟန်းတော်များ လစဉ်စုဆောင်းလာခဲ့ကြတဲ့ ပညာပဒေသာပင်
ထောက်ပံ့ပေးရေး အစီအစဉ်ကိုလည်း ဝိုင်းဝန်းဆွေးနွေးဖြစ်ခဲ့ကြပါတယ်။
ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက ပဝါရဏနဲ့ ပတ်သက်တဲ့
အကြောင်းပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပဝရဏာပွဲမှာလည်း ဒကာတစ်ယောက်က ပဝါရဏနဲ့
ပတ်သက်တဲ့ အကြောင်းကို မေးမြန်းခဲ့လို့ အကြီးဆုံးမထေရ်တစ်ပါးက
ဖြေကြားပေးဖြစ်ခဲ့ပါသေးတယ်။ ပဝါရဏာဟာ ဘုရားရှင်ရဲ့ ပညတ်ချက်နဲ့အညီ
ပြုလုပ်ရတဲ့ ဝိနည်းတော်ဆိုင်ရာ လိုက်နာစောင့်ထိန်းမှု တစ်ခုဖြစ်တဲ့အတွက်
ဘုရားတပည့်သား သံဃာတော်များအတွက် အရေးကြီးတဲ့ တွေ့ဆုံပွဲတစ်ခုပဲ ဖြစ်ပါတယ်။
ပဝါရဏက ချမှတ်ပေးလိုက်တဲ့ မှတ်ချက်ကလည်း မျက်မှောက်ခေတ်မှာ
ရဟန်းသံဃာများအတွက်သာ မဟုတ်ဘဲ လူပုဂ္ဂိုလ်များအတွက်ပါ လိုက်နာကျင့်သုံး
နေထိုင်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
ရဟန်းတော်များ ပ၀ါရဏာပြုကြဖို့ မြတ်စွာဘုရား ခွင့်ပြုခဲ့ရတဲ့ အကြောင်းကလည်း
အတော်စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည်၊
ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူစဉ်က ဖြစ်ပါတယ်။ ကောသလတိုင်း၊
ဇနပုဒ်တစ်ခုရဲ့ တောကျောင်းမှာ ၀ါဆိုဝါကပ်ပြုကြတဲ့ ရဟန်းတော်များဟာ
ဝါတွင်းကာလမှာ အချင်းချင်း ချမ်ချမ်းသာသာ သီတင်းသုံးပြီး ကမ္မဋ္ဌာန်းတရား
အားထုတ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို တိုင်ပင်ညှိနှိုင်းကြပါတယ်။
ဘယ်လိုနေထိုင်ကြရင် ငြိမ်းချမ်းမှုကို ရနိုင်တယ်၊ ချမ်းသာမှုကို ရနိုင်တယ်၊
ငြင်းခုံခိုက်ရန်မရှိဘဲ နေထိုင်နိုယ်တယ် စတဲ့ အကြံအစည်များနဲ့
ဆွေးနွေးတိုင်ပင်ပြီး နောက်ဆုံးမှာ ရဟန်းတော်များဟာ ၀ါတွင်းသုံးလ
ကာလပတ်လုံး အချင်းချင်း စကားတစ်လုံးမှ မပြောကြဘဲ ဆွမ်းခံဝတ်၊ ခြေဆေးဝတ်စတဲ့
ဝတ္တရားတွေကို ကိုယ့်တာဝန် ကိုယ်ကျေအောင်လုပ်ပြီး နေထိုင်ကြဖို့၊
တာဝန်ဝတ္တရားတွေကိုသာ ကျေပွန်အောင်လုပ်ပြီး စကားမပြောဘဲ နေကြမယ်ဆိုရင်
ချမ်းချမ်းသာသာ နေနိုင်ကြမှာဖြစ်လို့ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း
စကားမပြောဘဲ နေကြဖို့ အားလုံးသဘောတူ ဆုံးဖြတ်ကာ ၀ါတွင်းကာလကို
ဖြတ်သန်းခဲ့ကြပါတယ်။ အဲဒီရဟန်းတော်များဟာ စကားမပြောဘဲ နေခဲ့ကြတဲ့အတွက်
တစ်ပါးနဲ့တစ်ပါး အကောင်းလည်း မသိခဲ့ကြသလို အဆိုးလည်း မသိခဲ့ကြပါဘူး။
အပြစ်လည်း မသိကြသလို အနှစ်လည်း မသိခဲ့ကြပါဘူး။ ဒီလိုနဲ့ ၀ါတွင်းကာလ
ကုန်ဆုံးခဲ့ကြပါတယ်။
ဝါကျွတ်လို့ ဘုရားရှင်ထံ အဖူးအမျှော်သွားတဲ့အခါ ဘုရားရှင်က
အဲဒီရဟန်းတော်များကို ၀ါတွင်းကာလ ချမ်ချမ်းသာသာ နေခဲ့ရမှု ရှိမရှိ
မေးမြန်းတော်မူပါတယ်။ ဒီအခါ ရဟန်းတော်များက မိမိတို့ အားလုံးသဘောတူ
ဆုံးဖြတ်ချက်နဲ့အညီ ၀ါတွင်းကာလမှာ တစ်ပါးနဲ့တစ်ပါး စကားမပြောကြဘဲ
ချမ်းချမ်းသာသာ နေထိုင်ခဲ့ပါကြောင်း လျှောက်ထားပါတယ်။ ရဟန်းတော်များရဲ့
လျှောက်ထားချက်ကို နားထောင်ပြီး မြတ်ဗုဒ္ဓက “ရဟန်းတို့
သင်တို့နေထိုင်ခဲ့သည့် အကျင့်သည် မဂ်ဖိုလ်မပြီး အချည်းနှီးသော အကျင့်ဖြစ်၏၊
နွားဆိတ်စသော သတ္တ၀ါများ၏ အကျင့်ဖြစ်သကဲ့သို့ တိတ္တိတို့၏ အကျင့်လည်းဖြစ်၏၊
ဤသို့သော အကျင့်နှင့် နေထိုင်သော သင်တို့သည် ချမ်းသာစွာ နေထိုင်ခဲ့ခြင်း
မဟုတ်၊ မချမ်းမသာ နေထိုင်ခဲ့ခြင်းသာ ဖြစ်၏..” စသဖြင့် ပြစ်တင်ကဲ့ရဲ့ကာ “ရဟန်းတို့
ဝါမှထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ
သုံးပါးသော အကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း 'ပဝါရဏာပြုခြင်း' ငှါ
ခွင့်ပြု၏၊ ထိုသို့ ဖိတ်ကြားခြင်းသည် သင် တို့အတွက် အချင်းချင်း
လိုက်လျောခြင်း အာပတ်မှ ထမြောက်စေခြင်း ဝိနည်းကို ရှေးရှုခြင်းဖြစ်လတံ္တ့။” စသည်ဖြင့် မိန့်တော်မူပြီး ပ၀ါရဏာ ပြုဖို့ပါ ခွင့်ပြုတော်မူခဲ့ပါတယ်။
ပ၀ါရဏာပြုနည်းကိုလည်း မြတ်စွာဘုရားရှင်က ၀ါစဉ်အလိုက်
''အရှင်ဘုရားတို့ သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊
ယုံမှား၍ဖြစ်စေ အရှင်တို့သည် တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍
ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည် ရှိသော် ကုစားပါအံ့။”လို့ ဆိုကာ ပြုကြဖို့ မိန်ကြားတော်မူခဲ့ပါတယ်။ ဒါက ပ၀ါရဏာပြုဖို့ ခွင့်ပြုခြင်း အကြောင်းးနဲ့ ပ၀ါရဏာပြုနည်းပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ဘုန်းဘုန်းအနေနဲ့ ပဝါရဏာနဲ့ ပတ်သက်တဲ့ မက်စေ့ခ်ျတစ်ခုကို
စာဖတ်ပရိတ်သတ်တွေကို ပေးလိုတာ ဖြစ်ပါတယ်။ ပ၀ါရဏာဆိုတာ ဖိတ်ကြားခြင်းလို့
အဓိပ္ပါယ်ရပါတယ်။ ရဟန်းတော်များ အချင်ချင်း တစ်ပါးနဲ့တစ်ပါး အပြစ်ကို
မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယဖြစ်တာပဲ ဖြစ်ဖြစ်
တိုက်ရိုက်ပြောဆို ဖိတ်ကြားကာ အပြစ်ကိုမြင်တဲ့ ပုဂ္ဂိုလ်က အပြစ်ကို
ပြောဆိုကြဖို့၊ အပြစ်ရှိတဲ့ ပုဂ္ဂိုလ်ကလည်း အပြစ်ကို ၀န်ချပြီး အဲဒီအပြစ်ကို
ကုစားရင်း တစ်ပါးနဲ့တစ်ပါး ချမ်းချမ်းသာသာ နေထိုင်သီတင်းသုံးကြဖို့
စတဲ့စတဲ့ ကောင်းကျိုးချမ်းသာများ အတွက် ဒီလိုပ၀ါရဏာ
ပြုခွင့်နဲ့ပြုနည်းများကို ဗုဒ္ဓမြတ်စွာ ညွန်ပြခြင်းဖြစ်ကြောင်း သိစေလိုရင်း
ဖြစ်ပါတယ်။ ပြီးတော့ ဒီပ၀ါရဏာကို အကြောင်းပြုပြီး လက်တွေ့ဘ၀ လူသားများ
အနေနဲ့ အချင်းချင်း ချမ်းချမ်းသာသာ နေနိုင်မယ့် လမ်းညွှန်ကိုယူကာ
လိုက်နာကျင့်သုံးကြဖို့ တင်ပြလိုရင်းလည်း ဖြစ်ပါတယ်။ ပ၀ါရဏာက ပေးတဲ့
လောကသား အချင်းချင်း ချမ်းသာစွာ နေထိုင်နိုင်မယ့် မက်စေ့ခ်ျလေးကို
တစ်ဆင့်ပြန်လည် ပေးဝေလိုရင်း ဖြစ်ပါတယ်။
ဒီမှာပြောခဲ့တဲ့ ပ၀ါရဏာ ပြုကြတဲ့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားကြတဲ့
ဖိတ်ကြားချက်လေးက လောကသားတွေအတွက် တကယ့်ကို အတုယူလိုက်နာ ကျင့်သုံးသင့်တဲ့
အချက်ပဲ ဖြစ်ပါတယ်။ “သံဃာတော်များ အနေနဲ့ တပည့်တော်ကို တပည့်တော်ရဲ့
အပြစ်တစ်ခုခုနဲ့ ပတ်သက်ပြီး မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊
ယုံမှားသံသယ ရှိတာပဲ ဖြစ်ဖြစ် ပြောဆိုကြပါ၊ တပည့်တော် အနေနဲ့လည်း
အဲဒီအပြစ်ကို ကျေကျေနပ်နပ်ကြီး ခံယူပြီး ကုစားပါမယ်၊ နောင်မဖြစ်အောင်၊
သတိထားပြီး နေထိုင်ပါမယ်”တဲ့။ သိပ်ကောင်းတဲ့ ဖိတ်ကြားချက်နဲ့ ခံယူချက်ပဲ
ဖြစ်ပါတယ်။ ယူတတ်မယ်ဆိုရင် ဘ၀မှာ ကူညီပြသ လမ်းညွန်မှုတွေနဲ့ တကယ့်ကို
အောင်မြင်မှုနဲ့ ချမ်းသာမှုကို ဖြစ်စေတဲ့ ဖိတ်ကြားချက်ပဲ ဖြစ်ပါတယ်။
သေချာတွေးကြည့်ရင် လောကမှာ ပြည့်စုံတဲ့ သူဆိုတာ တစ်ယောက်မှ မရှိသလို၊
အပြစ်မလုပ်ဖူး၊ မမှားဖူးတဲ့ သူဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် အပြစ်ကို
မမြင်သူတွေ၊ အပြစ်ကို အပြစ်လို့ သိအောင်ညွန်ပြပေးမယ့်သူ မရှိသူတွေကတော့
အများကြီး ရှိပါတယ်။ ပြီးတော့ အပြစ်ကို ညွန်ပြသူတွေ ရှိပေမယ့် အဲဒီအပြစ်ကို
ဝန်ခံပြီး နောင်မဖြစ်အောင် ပြုပြင်နိုင်တဲ့ သူတွေလည်း ထင်သလောက်
မရှိကြပြန်ပါဘူး။ ပိုဆိုးတာက အပြစ်ကို ပြောဆိုဆုံးမပေးဖို့
ဖိတ်ကြားပြောဆိုနိုင်တဲ့သတ္တိ မရှိသူတွေ၊ အပြစ်ကို ပြသပြောဆိုရင်လာရင်
ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်တဲ့သတ္တိ မရှိသူတွေ များနေတာပဲ
ဖြစ်ပါတယ်။ အပြစ်ကို ပြောပြလာရင် ကျေးဇူးတင်စွာ လက်ခံပြီး နောင်မဖြစ်အောင်
ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်၊ ပြုပြင်မယ်ဆိုတဲ့ ခံယူချက်
မရှိလို့ကတော့ လောကကြီးမှာ သတ္တ၀ါတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ
ချမ်းချမ်းသာသာ နေထိုင်နိုင်ကြမှာ မဟုတ်ပါဘူး။ အပြစ်ပြသူကလည်း အပြစ်ချဖို့
ကြိုးစားနေ၊ အပြစ်အပြခံရသူကလည်း အပြစ်ကို မခံယူဘဲ ပြန်လှန်အပြစ်ပုံချဖို့
ကြိုးစားနေလို့ကတော့ ဘုရားရှင်ညွန်ပြတဲ့ ချမ်းချမ်းသာသာ နေထိုင်နိုင်ရေးနဲ့
အဝေးကြီးဝေးနေကြဦးမှာ ဖြစ်ပါတယ်။ ဒီလို မချမ်းသာမှုတွေ
ရှိနေတဲ့အတွက်ကြောင့် ချမ်းသာမှုကို အလိုရှိတဲ့ ဘုရားရှင်က သူ့သားတော်
ရဟန်းတော်များကို အချင်းချင်း အပြန်အလှန် ပ၀ါရဏာပြုပြီး ငြိမ်းချမ်းစွာ
သီတင်းသုံး နေထိုင်ကြဖို့ မိန့်မှာတော်မူခြင်း ဖြစ်ပါတယ်။
တကယ်တော့ အမှားများတတ်တဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အပြစ်ကို ပြသပြောဆို
ပေးမယ့်သူ ရှိနေတာကိုက နေတတ်မယ်ဆိုရင် ကျေနပ်စရာ ဖြစ်နေတာပါ။
ယူတတ်မယ်ဆိုရင် အပူသက်သာစရာ ဖြစ်နေတာပါ။ မြောက်ပင့်ပြီး
ပေါင်းသင်းစားသောက်ကာ အပြစ်တစ်ခုခု ဖြစ်လာတဲ့အခါမှ ကိုယ့်အပေါ်ပုံချပြီး
ရှောင်ထွက်သားတတ်တဲ့ သူတွေအများကြီး ရှိနေတာထက်စာရင် အမှားကိုထောက်ကာ
အပြစ်ကို ပြသလမ်းညွှန်ပေးတဲ့သူ တစ်ယောက်နှစ်ယောက် ရှိနေတာက ပိုပြီးဘ၀ကို
မြင့်စေတာ ဖြစ်ပါတယ်။ ရှေးက သူတော်ကောင်းကြီးများဆိုရင် အပြစ်ကိုထောက်ပြ
ပြောဆိုပေးတတ်တဲ့ ဆရာများနဲ့ များများတွေ့ဆုံ ရပါလို၏လို့တောင်
တောင်းဆုပြုကြတယ်လို့ ဆိုပါတယ်။ မသိမှုအားကြီးတတ်တဲ့ ပုထုဇဉ်တွေမှာ မသိတာကို
သိအောင်ပြသပေးတဲ့သူ ရှိနေတာဟာ ဘ၀မှာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ညွန်ပြသူတွေက ဘယ်လောက်ပဲ ညွန်ပြညွန်ပြ ပြောဆိုဆုံးမသူတွေက
ဘယ်လောက်ပဲ ပြောဆိုဆုံးမဆုံးမ ကိုယ်ကိုယ်တိုင်က အပြစ်ကို ကျေကျေနပ်နပ်
ခံယူကာ လက်ခံပြုပြင်နိုင်မှု မရှိလို့ကတော့ ဆရာရှိလည်း အလကားပဲ ဖြစ်ပါတယ်။
အရေးကြီးတဲ့အချက်က ကိုယ်ကိုယ်တိုင် အပြစ်ကို ခံယူတတ်တဲ့ စိတ်ဓာတ်နဲ့
ပြုပြင်နိုင်တဲ့ အကျင့်ရှိဖို့က အရေးကြီးပါတယ်။ အဲဒီလို ခံယူမှုနဲ့
ပြုပြင်နိုင်မှု ရှိလာပြီဆိုရင်တော့ အဲဒီသူအတွက် အောင်မြင်မှုလမ်းဟာ
အချိန်မရွေး လာနေမှာဖြစ်ပြီး ဒီလိုကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊
ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောင်နိုင်မှု ရှိနေတာကိုက
အတ္တသမာ ပဏိဓိမင်္ဂလာ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ညွန်ပြသူနဲ့ လက်ခံသူမှာ
အညွန်အပြကောင်းသူ ရှိဖို့လိုသလို ကောင်းကောင်းမွန်မွန်လက်ခံ
ပြုပြင်လိုသူလည်း ရှိဖို့လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
ဒါကြောင့် အချုပ်အနေနဲ့ ပြောလိုတာက ဘုရားသားတော် ရဟန်းတော်များ အချင်းချင်း
အပြစ်ကို ပ၀ါရဏာပြုပြီး ဖိတ်ကြား ပြုပြင်ကြသလို အပြစ်တွေနဲ့မကင်းတဲ့
အပြစ်လောကကြီးမှာ ရှိကြတဲ့ ပုထုဇဉ်တွေ အနေနဲ့လည်း အချင်းချင်း အပြစ်တွေကို
ပ၀ါရဏာ ပြုကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေပုံမချကြဘဲ
အပြစ်ရှိရင် ပြောဆိုပြုပြင်ပေးနိုင်အောင် ဖိတ်ကြားကာ ထောက်ပြပြောဆို
လာရင်လည်း ကျေကျေနပ်နပ် ခံယူတတ်ပြီး နောင်မဖြစ်အောင်
ပြုပြင်နေထိုင်ကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ကို
မြင်တာပဲဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယရှိတာပဲ ဖြစ်ဖြစ် ဖိတ်ကြားပြီး
လက်ခံပြုပြင်ကြဖို့ပါ။ အဲဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေကို
ပြောဆိုလက်ခံ ပြုပြင်ကြမယ်ဆိုရင်တော့ အမှားများတဲ့ လောကကြီးမှာ နေနေပေမယ့်
အမှားနည်းပြီး အများတွဲကြမယ်ဆိုတာ အမှန်ပဲ ဖြစ်ပါကြောင်း ပ၀ါရဏာက ပေးတဲ့
မက်စေ့ခ်ျတစ်ခုအဖြစ် အတုယူပြုပြင်နိုင်ဖို့ စေတနာထား မေတ္တားအားဖြင့်
တစ်လုံးတစ်ပါဒ တင်ပြလိုက်ရပါတော့တယ်။ အားလုံး ပ၀ါရဏာ ပြုနိုင်ကြပါစေ….
No comments:
Post a Comment